International News

5G နည်းပညာကွန်ယက်က လေကြောင်းပျံသန်းမှုများကို အနှောင့်အယှက်ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်လေကြောင်းလိုင်းများက သတိပေးခြင်း

Last Updated:

ဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် AT&T နှင့် Verizon တို့သည် လေကြောင်းပျံသန်းမှုများနှင့် ခရီးသည်ထောင်ပေါင်းများစွာကို နေ့စဉ်သောင်တင်နေစေမည့် ဖြစ်နိုင်သော လေကြောင်းအကျပ်အတည်း သတိပေးချက်ကို တုံ့ပြန်သည့်အနေဖြင့် အချို့သော အမေရိကန်လေဆိပ်များတွင် ပြေးလမ်းများအနီးရှိ မိုဘိုင်းလ်ဖုန်းတာဝါတိုင်အသစ်များကို ဖွင့်လှစ်ရန် နှောင့်နှေးလျက်ရှိကြောင်း သိရှိရသည်။

အမေရိကန်လေကြောင်းလိုင်းများနှင့် လေကြောင်းထိန်းသိမ်းရေးအဖွဲ့တို့သည် ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးအာဏာပိုင် တို့နှင့် အမေရိကန်လေဆိပ်များတစ်ဝိုက်ရှိ 5G မိုဘိုင်းဆက်သွယ်ရေးကွန်ယက်ကို ဖြန့်ကျက်ရန် လအတော်ကြာ ညှိနှိုင်းဆွေးနွေး နေခဲ့သည်။

မိုဘိုင်းကွန်ယက်၏ ပဉ္စမမြောက်မျိုးဆက်ဖြစ်သည့် 5G ကွန်ယက်သည် ယခင် 4G ကွန်ယက်ထက် ပိုမိုမြင့်မားသော လျှပ်စစ် သံလိုက်လှိုင်းများကို အသုံးပြုထားသည့် မိုဘိုင်းကွန်ယက်နည်းပညာဖြစ်ပြီး၊ ဤလှိုင်းများသည် ဒေတာပမာဏများစွာကို လွှဲပြောင်းနိုင်စေသည်။ 5G ဝန်ဆောင်မှုသည် ထိရှလွယ်သော လေယာဉ်ပျံကိရိယာများ၏ သင့်လျော်သော လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ ဥပမာအားဖြင့် ခရီးသည်နှင့် ကုန်တင်လေယာဉ်အများအပြားသည် မြင်နိုင်စွမ်း နည်းပါးသော အခြေအနေများတွင် "autoland" ဟုခေါ်သော အလိုအလျောက်ဆင်းသက်သည့် လုပ်ငန်းစဉ်ကို အသုံးပြုကြသည်။ အလိုအလျောက်ဆင်းသက်သည့် လုပ်ငန်းစဉ်သည် ရေဒီယို altimeters (အမြင့်ပြကိရိယာ) ကို မှီခိုနေရသည့်အတွက် အဓိက ပြဿနာဖြစ်လာနိုင်သည်။ လောလောဆယ်တွင် "autoland" ကို မရရှိနိုင်သဖြင့် လော့စ်အိန်ဂျလိစ်တွင် မြူခိုးများဖြစ်ပေါ်နေပါက လေယာဉ်များသည် အခြားလေဆိပ်သို့ လမ်းကြောင်းပြောင်းရမည်ဖြစ်ရာ အပိုလောင်စာဆီလိုအပ်မည်ဖြစ်ပြီး၊ အနှောင့်အယှက် များနှင့် အပိုကုန်ကျစရိတ်များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် အမေရိကန်လေကြောင်းလိုင်း အကြီးအကဲများက အိမ်ဖြူတော်သို့ပေးပို့ခဲ့သော စာတစ်စောင်တွင် လေယာဉ်ခရီးစဉ် ရာနှင့်ချီနှောင့်နှေးပြီး၊ နေ့စဉ် ခရီးသည်ထောင်နှင့်ချီ သောင်တင်နေနိုင်သည့် ကျရောက်တော့မည့် လေကြောင်းအကျပ်အတည်းကို သတိပေးခဲ့သည်။ စာတွင် လေယာဉ်ပေါ်ရှိ ခေတ်မီသော လုံခြုံရေးစနစ်များစွာသည် အသုံးမပြု နိုင်ဟုယူဆကာ ပိုမိုကြီးမားသောပြဿနာကို ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု လေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က အမေရိကန်ရှိ အကြီးဆုံး မက်ထရိုဧရိယာ ၄၆ တွင် အလိုအလျောက် လေယာဉ်ပျံစနစ်များ အသုံးပြုမှုကို ရပ်တန့်ရန် လုံလောက်သောအနှောင့်အယှက်များ ကြီးမားစွာကျရောက်နိုင်ကြောင်း သတိပေးထားသည်။ 5G နှင့် ဆက်နွှယ်သော နှောင့်ယှက်မှုသည် တစ်နှစ်လျှင် လေယာဉ်ခရီးစဉ် ၃၅၀,၀၀၀ အထိ နှောင့်ယှက်ခြိမ်းခြောက်နိုင်သည်ဟု အမေရိ ကန် လေကြောင်းကုန်သွယ်မှုအဖွဲ့ လေကြောင်း လိုင်းများက ပြောကြားထားသည်။ အဆိုပါ လေကြောင်းလိုင်းများတွင် ဩစတြေးလျမှ လော့စ်အိန်ဂျလိစ်သို့ ပျံသန်းသည့် လေယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်သည် ရေဒီယိုနည်းပညာကော်မတီ (RTCA) ၏ ရှာဖွေတွေ့ရှိချက်ဖြစ်သော “3.7-3.98 GHz band ရှိ 5G ဆက်သွယ်ရေး စနစ်များသည် လေယာဉ်အမျိုးအစားအားလုံးရှိ ရေဒါ altimeter များကို အန္တရာယ်ဖြစ်စေသော အဓိက အနှောင့်အယှက်ဖြစ်စေလိမ့် မည်" ဟူသောအချက်ကို စိုးရိမ်လျက်ရှိသည်။ Australian Communications and Media Authority (ACMA) မှပြုလုပ်သော လေ့လာမှုတစ်ခုအရ ကြိမ်နှုန်းများတွင် 5G ထုတ်လွှတ်မှုသည် "အချို့သော ယူဆချက်များအောက်တွင် အနှောင့်အယှက်ဖြစ်စေရန် အလားအလာအချို့ရှိသည်" ဟု တွေ့ရှိခဲ့သည်။ University of Melbourneမှ လျှပ်စစ်အင်ဂျင်နီယာ ပါမောက္ခတစ်ဦးက ACMA လေ့လာမှုအရ အန္တရာယ်သည် အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း သတင်းကောင်းမှာ Civil Aviation Safety Authority (CASA) အရ 5G သည် သြစတြေးလျလေဆိပ်များအတွက် ပြဿနာမဟုတ်ကြောင်း သိရှိရသည်။ CASA ၏ အဆိုအရ လွန်ခဲ့သည့် ၂ နှစ်ခန့် ဆက်သွယ်ရေးနည်းပညာကို စတင်အသုံးပြုပြီး    ကတည်းက 5G နှင့် ချိတ်ဆက်ထားသော ရေဒီယို altimeter ဖြစ်ရပ်များအကြောင်း အစီရင်ခံတင်ပြမှုရရှိခြင်း မရှိသေးပေ။ ယင်းသို့ မရှိရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ ဩစတြေးလျ 5G ထုတ်လွှင့်မှုသည် 3.7GHz တွင် ထိပ်ဆုံးမှ ထွက်ပေါ်လာပြီး၊ ၎င်းသည် ရေဒီယို altimeters သုံးသည့် ကြိမ်နှုန်းများနှင့် ပိုကြီးမားသော ကြားခံတစ်ခု ဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်သည်။ CASA က အခြေအနေကို စောင့်ကြည့်လျက်ရှိနေပြီး၊  မူမမှန်မှုများကို သတင်းပို့ရန် လေယာဉ်မှူးများကို တိုက်တွန်းထားကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News